ဟားခါး မေ ၂၈
ချင်းပြည်နယ် COVID-19 ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ၂၃/၂၀၂၀ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၂၇ ရက် ညနေ ၄ နာရီအချိန်က ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ် COVID-19 ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌ၊ ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ် ကော်မတီအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၊ ချင်းပြည်နယ် COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအောက်ရှိ လုပ်ငန်းကော်မတီအသီးသီးမှ အတွင်းရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ချင်းပြည်နယ် COVID-19 ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဉက္ကဌ ပြည်နယ်ဝန်ကြီးချုပ်က ချင်းပြည်နယ် COVID-19 ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကာလအတွင်း ရောဂါပျံ့နှံ့မှုမဖြစ်ပွားရအောင်ထိန်းချုပ်ကုသနိုင်ရေး၊ ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာကြ မည့်သူများအား စနစ်တကျလက်ခံ၍ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသား အဆင့်ဗဟိုကော်မတီနှင့် Coronavirus Disease 2019၊ COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေးကော်မတီတို့၏ လမ်းညွှန်ချက်များနှင့်အညီ Facility Qurantine ထားရှိဆောင်ရွက်နိုင်ရေး၊ Facility Qurantine ထားရှိသည့် အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များ၊ ကောလိပ်များ သတ်မှတ်အချိန်မီစနစ်တကျပြန်လည်အပ်နှံရန်နှင့် Facility Qurantine ထားရှိရန်သင့်လျော်သည့်အခြားနေရာများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိကြရန်၊ လမ်းပန်း ဆက်သွယ်ရေးအခြေအနေအရ ဒေသတွင်းပြည်သူများစားဝတ်နေရေး အခက်အခဲ မရှိစေရန် ချင်းပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီနှင့် သက်ဆိုင်ရာဌာနများ ကြိုတင်၍ စီမံဆောင်ရွက်ထားရှိကြရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့်ပေါင်းစပ်ဖြေရှင်းရမည့်နည်းလမ်းများကို ပွင့်လင်းမြင်သာစွာချပြဆွေးနွေး၍ အကောင်အထည်ဖော်ဆောင်ရွက်ကြရန်အမှာစကားပြောကြားသည်။
ယင်းနောက် ချင်းပြည်နယ် COVID-19 ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်က COVID-19 ရောဂါထိန်းချုပ်ရေးကာလနှင့်သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ ရတတ်သည့် ကာလအတွင်း ဒေသအတွင်း ပြည်သူများ စားဝတ်နေရေးအခက်အခဲမရှိစေရန် အခြေခံ စားကုန်များဖြစ်သော ဆန်၊ ဆီ၊ ဆား၊ ပဲ (၄)မျိုးကို မြို့နယ်အလိုက်စုဆောင်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပလက်ဝမြို့နယ်အတွင်းက တိုက်ပွဲရှောင်ပြည်သူများ၏ စားဝတ်နေရေး တို့အတွက် စားနပ်ရိက္ခာပြတ်လပ်မှုမရှိစေရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးတို့ကို ပြည်နယ်အစီအစဉ်ဖြင့်လည်းကောင်း၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အစီအစဉ်ဖြင့်လည်းကောင်း၊ စေတနာရှင် အလှူရှင်များ အစီအစဉ်ဖြင့်လည်းကောင်း ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ သောက်သုံးရေနှင့် စားနပ်ရိက္ခာကုန်စည်များ စီးဆင်းမှု မှန်ကန်စေရေး၊ ပြတ်လတ်မှု မရှိစေရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆက်လက် ဆောင်ရွက်မည့်အစီအစဉ်များ၊ ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများ စနစ်တကျလက်ခံ ထားရှိမှုအခြေအနေတို့ကို ရှင်းလင်းဆွေးနွေး ခဲ့ပါသည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် လုပ်ငန်း ကော်မတီအသီးသီးမှ အတွင်းရေးမှူးများက ချင်းပြည်နယ် COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင် အထည်ဖော်ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့်ပြည်နယ်ဝန်ကြီးချုပ်၏လမ်းညွှန်မှုများ အပေါ် ဆက်လက်ဆောင်ရွက်မည့်နည်းလမ်းများကို ဆွေးနွေးတင်ပြရာ ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။
ချင်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ချင်းပြည်နယ် COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများအောင်မြင်စွာဆောင်ရွက်နိုင်ရေး အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်လျက်ရှိရာ ပြည်နယ်အတွင်းဒေသခံပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများအပါအဝင် စားဝတ်နေရေးအခက်အခဲမရှိစေရေးတို့အတွက် မြို့နယ်(၉)မြို့နယ်တွင် တစ်မြို့နယ်လျှင် ဆန်အိတ် ၅၀၀စီကို အရေးပေါ် အသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။