ဟားခါး မေ ၉
ချင်းပြည်နယ် COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကာလအတွင်း ပြည်သူများ စာနပ်ရိက္ခာဖူလုံမှုရှိစေရေးအတွက် မြန်မာကိုင်ဒိုကုမ္ပဏီမှ ဆန်အိတ်များ၊ဆီဗူးများနှင့် အလှူငွေများ ပေးအပ်ခြင်း နှင့် ပလက်ဝမြို့နယ် တိုက်ပွဲရှောင် ပြည်သူများအတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲအချိန်က ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ မြန်မာကိုင်ဒို ကုမ္ပဏီမှ အမှုဆောင် ဒါရိုက်တာ ဦးအောင်ကျော်ဦးက ချင်းပြည်နယ် COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကာလအတွင်း ပြည်သူများ စာနပ်ရိက္ခာဖူလုံမှုရှိစေရေး အတွက် လှူဒါန်းရခြင်းနှင့် ချင်းပြည်နယ်အတွင်းရှိ ဗုဒ္ဓသာသနာ့တာဝန် ထမ်းဆောင်လျက်ရှိကြသော သံဃာတော်များနှင့်သီလရှင်ဆရာတော်များအတွက် ဆွမ်းနှင့် ဝေယျာဝစ္စ အခက်အခဲမရှိစေရေးအတွက် ဆန်၊ဆီနှင့် အလှူငွေများလှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ချင်းပြည်နယ် COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကာလအတွင်း စာနပ်ရိက္ခာဖူလုံမှုရှိစေရေးအတွက် ဆန်အိတ်(၃၀၀)ကို ပေးအပ်လှူဒါန်းရာ ပြည်နယ် ဝန်ကြီးချုပ်က လည်းကောင်း၊ ချင်းပြည်နယ် တောင်တန်းသာသနာပြုအဖွဲ့ သံဃာတော်များနှင့် သီလရှင်ဆရာတော်များအတွက် ဆန်အိတ်(၂၀၀)နှင့် ဆီ (၂)လီတာဝင်ဗူး(၆၆)ဗူး၊ မင်းတပ်မြို့နယ် တောင်တန်းသာသနာပြုကျောင်းများအတွက် ဆန်အိတ်(၃၅၀)နှင့် ဆီ (၂)လီတာဝင်ဗူး(၁၅၄)ဗူး၊ ဟားခါးမြို့ပြည်သူ့ဆေးရုံအတွက် ဆေးရုံသုံးပစ္စည်းများဖြစ်သော Surical Mask(၁၀၀၀)၊Glove (၂၀၀၀)၊ Themometer (၃)ခု၊ Air Set(Oxygen Concentrator)(၁)ခု၊ Suction Machine (၁)ခုတို့ကို ပေးအပ် လှူဒါန်းရာ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က လည်းကောင်း လက်ခံရယူခဲ့ကြပြီးနောက် ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ပြည်နယ်ဝန်ကြီးချုပ်က ကျေးဇူးတင်ဂုဏ်ပြုစကား ပြန်လည် ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ချင်းပြည်နယ် ပလက်ဝမြို့နယ် တိုက်ပွဲရှောင် ပြည်သူများ အတွက် ပြည်နယ် စည်ပင်သာယာရေး၊လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်နှင့် ပြည်နယ်အတွင်းရှိ မြို့နယ်စည်ပင် သာယာရေးရုံးများရှိ အလှူရှင်များမှ အလှူငွေ ကျပ် ၂၅သိန်း ကို ပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်ကပေးအပ်လှူဒါန်းရာ ချင်းပြည်နယ်ဝန်ကြီးချုပ်က လက်ခံ ရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာပြန်လည် ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။